Tuesday, December 16, 2014

နံနက်ခင်းမှ ည အထိ စွမ်းအင်ပြည့်ဝကျန်းမာစေရန်


တစ်နေကုန်စွမ်းအင်ပြည့်ဝပြီး တက်ကြွလန်းဆန်းနေစေဖို့ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ ပြုလုပ်နေကျ အကျင့်တွေကို ပြင်လိုက်ရုံနဲ့ အကျိုးရှိတယ်ဆိုတာ သိပါသလား။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

လှုပ်ရှားမှုပြုလုပ်ပါ။မနက်စောစောလေ့ကျင့်ခန်းလုပ်လေ့ရှိပါသလား။ ပြင်းပြင်း
ထန်ထန်မဟုတ်တာင် လမ်းတို လျှောက်တာလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဂျော်ဂျီယာတက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ
လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ အမောခံနိုင်တဲ့အပြင် တစ်နေကုန် စွမ်းအင်ပြည့်ဝကာ အလုပ်ကိုလည်း အာရုံစူးစိုက်မှု ကောင်းစေတယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် ကိုယ်ခံစွမ်းအားကို ၂၀ရာခိုင်နှုန်းထိ မြင့်တက်စေပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။

မနက်စာကိုကောင်းကောင်းစားပါ။ မနက်စာကို ကော်ဖီတစ်ခွက်နဲ့ ဘီစကွတ်မုန့် တစ်ခုနှစ်ခုလောက် စားတာနဲ့ စာရင် ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစာမျိုးစားပေးသင့်တာဟာ အဆာခံစေတဲ့အပြင် စိတ်ခံစားချက်လည်း ကောင်းမွန်စေပါတယ်။

အလုပ်လုပ်ရင်း အညောင်းအညာဖြေပါ။ အလုပ်လုပ်တဲ့အခါ စားပွဲမှာပဲ ငြိမ်နေတာဟာခန္ဓာကိုယ်ကိုဝန်ပိစေပြီး အောက်ဆီဂျင်လက်ခံရရှိတဲ့နှုန်းကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ အလုပ်တစ်ခုကို မိနစ်ကိုးဆယ်ထက် ပိုပြီး အာရုံမစိုက်နိုင်ပါဘူး။ ဒါကြောင့် ရုံးအလုပ်ပဲ ဖြစ်ဖြစ်၊ ဆိုင်အလုပ်ပဲဖြစ်ဖြစ် လုပ်နေတဲ့အခါ တစ်နာရီတစ်ခါလောက် ထိုင်နေရာကထပြီး တခြားသူတွေနဲ့ စကားသွားပြောတာ၊ မိတ္တူဆွဲတာ၊ ရေထသောက်တာ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

နေ့လည်စာ စားသည့်အခါ ဗီတာမင်စုံလင်စွာ စားပါ။ နေ့လည်စာမှာ အုပ်စုပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ ဗီတာမင်ဘီအပြင် ဗီတာမင် အေ၊ အီးနဲ့ တခြား သတ္ထုဓာတ် ပါဝင်တဲ့ အစားအစာတွေကို မျှတစွာ စားပေးသင့်ပါတယ်။ သတိပြုရမှာက နေ့လည်စာစားတဲ့အခါ ဆိုဒါ၊ ၀ိုင်၊ အရက်စတာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး အသီးဖျောရည်၊ ဟင်းသီးဟင်းရွက်သုတ် စတာတွေကို အလျဉ်းသင့်သလို စားပေးနိုင်ပါတယ်။

ကွန်ပျူတာ အသုံးပြုခြင်းမှ ခေတ္တ အနားယူပါ။ ကွန်ပျူတာ အကြည့်များတဲ့အခါ မျက်လုံးကို ဒဏ်ဖြစ်စေပြီး ခေါင်းကိုက်တဲ့ ဝေဒနာကိုလည်း ခံစားရစေပါတယ်။ နောက်ပြီး ဇက်ကြောတက်တာ၊ အာရုံကြော မကောင်းတာတွေ ဖြစ်တတ်တာကြောင့် ကွန်ပျူတာသုံးပြီး မိနစ်သုံးဆယ်တစ်ခါ အနားပေးပါ။ ကွန်ပျူတာ စကရင်ကို ကြည့်မယ့်အစား ဘေးပတ်ဝန်းကျင်ကို စက္ကန့်နှစ်ဆယ်ခန့် ကြည့်ပေးပါ။ မျက်စိလေ့ကျင့်ခန်းနဲ့ လည်ပင်းအညောင်းအညာပြေစေမယ့် လေ့ကျင့်ခန်းတို့ကိုလည်း ပြုလုပ်ပြီး ဦးနှောက်ကို အနားပေးသင့်ပါတယ်။

စိတ်ခံစားချက် ကောင်းအောင်နေပါ။ နေ့တိုင်းပုံမှန် အလုပ်ဆင်းချိန်ကို တစ်နေ့လောက် တစ်နာရီဖြစ်ဖြစ် စောစောဆင်းကြည့်ပါ။ ဒီတစ်နာရီမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်။ လမ်းတစ်ပတ် ပြေးကြည့်မယ်လို့ မလုပ်ခင် စိတ်ကူးအရင် ယဉ်ကြည့်ပါ။ မလုပ်ဖူးတဲ့ စိတ်ခံစားချက်ဖြစ်တာကြောင့် ဆန်းသစ်တဲ့အတွေ့အကြုံကိုခံစားရပြီး တွေးကြည့်ရုံနဲ့ ပျော်ရွှင်ရမှာ သေချာပါတယ်။ နောက်ပြီး ကြိုက်နှစ်သက်တဲ့ သီချင်းတွေ ဒါမှမဟုတ် မြူးကြွပြီး ကလို့ကောင်းတဲ့ သီချင်းတွေ နားထောင်တာ ဒါမှမဟုတ် လွတ်လပ်ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်တာကလည်း စိတ်ခံစားချက်ကောင်းမွန်စေမှာ သေချာပါတယ်။

ဆိုဖာမှာ ထိုင်ပြီး တီဗီကြည့်ချိန် လျှော့ချပါ။ ညနေစာ စားပြီးတဲ့အခါ ဆိုဖာပေါ်မှာ အသာလေးထိုင်ပြီး တီဗီမှာလာတဲ့ အစီအစဉ်တွေကို တစမျိုးပြီးတစ်မျိုး လှည့်ပြောင်းကြည့်ရှုရင်း အချိန်ကုန်ဆုံးတာဟာ ကျန်းမာရေးကို ထိခိုက်ဖို့ အလားအလာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တီဗီကြည့်တဲ့အခါ တစ်နေ့ကို အများဆုံး နှစ်နာရီလောက်သာ အချိန်ကုန်ဆုံးသင့်ပြီး ဒီထက်ကြာမြင့်ရင်တော့ ဆီးချိုရောဂါနဲ့ တခြား နာတာရှည်ရောဂါတွေ ဖြစ်နိုင်လို့ သိရပါတယ်။

ညဘက် အဆာပြေစာစားသည့်အခါ သတိပြုပါ။ အလုပ်လုပ်ရင်း ညနက်မှ ဗိုက်ဆာလို့ အဆာပြေစာစားတဲ့အခါ အဆီများတဲ့ အသားတွေ၊ ဟမ်ဘာဂါတွေ စားမယ့်အစား ဒိန်ချဉ်၊ အမည်းရောင်ချောကလက်၊ နို့စတာတွေကို ၀ယ်ယူစားသောက်ပါ။ ဒီအစားအစာတွေဟာ အိပ်ရေးဝအောင် ကူညီပေးနိုင်တဲ့အပြင် နောက်တစ်နေ့ အတွက်လည်း စွမ်းအင်ပြည့်ဝနေစေပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၆၉)မှ အိဖြူ(ဆေးတက္ကသိုလ်) ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...