Friday, November 28, 2014

“ပူဖောင်းနီလေး မတွေ့တော့ပါ”


ဒီပုံပြင်လေးက အခြားကလေးပုံပြင်လေးလိုပါပဲ.. ပုံပြင်က အပြစ်ကင်းဖြူစင်ပြီး ချစ်စရာတွေနဲ့ ပြည့်နှက်ပါတယ်။ စာမျက်နှာတိုင်း ချစ်စရာကောင်းနေပါတယ်။ ပြီးတော့ ပုံပြင်ကို ကြွက်ကလေးတစ်ကောင်နဲ့ စထားပါတယ်။ ကြွက်ကလေးရဲ့နာမည်က “အာပု”လို့ခေါ်တယ်။

အာပုက ကြွက်မည်းလေးတစ်ကောင်ပါ.. ဒါပေမယ့် သူ့ဆီမှာ မိုးပျံပူဖောင်းနီလေးတစ်လုံးရှိပါတယ်။ ပူဖောင်းဝိုင်းဝိုင်းလေးကိုအာပုအမြဲတွဲထားတယ်၊ ရင်ခွင်ထဲထည့်ထားတယ်။ အာပုဘယ်နေရာသွားသွား ပူဖောင်းကိုအမြဲယူဆောင်သွားတယ်။ အဲဒီမြင်ကွင်းလေးကို ကျွန်မတို့မြင်ယောင်ကြည့်လိုက်ပါ။ ဒါဟာ ကာတွန်းပုံပြင်လေးတစ်ပုဒ်
ဖြစ်တာကြောင့် တွေးမကြည့်လည်း

မြင်ယောင်နိုင်တယ်လို့ ကျွန်မထင်ပါတယ်။

တစ်ညမှာ ပူဖောင်းနီလေး ပျောက်သွားပါတယ်။ အဲဒီညမှာ အာပုတစ်ယောက်တည်း မှောင်နက်မည်းမည်းမှာ အထီးကျန်နေခဲ့ပါတယ်။
ပူဖောင်းလေးမရှိတော့တာကြောင့် အာပုစိတ်မကောင်းဖြစ်ရပါတယ်။ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင်ကျခဲ့ပါတယ်။

“အာပု.. မငိုပါနဲ့.. မင်းရဲ့ပူဖောင်းနီလေးကို ငါတို့အတူသွားရှာကြရအောင်။ တစ်လုံးပျောက်ရင် ငါတို့ ၁ဝလုံးပြန်ရှာကြမယ်”

တစ်ယောက်ယောက်က သူ့ကိုပြောတဲ့အသံကို အာပုကြားလိုက်တယ်။

အသံလာရာဆီကို အာပုကြည့်လိုက်တော့ ပူဖောင်းနီလေးနှစ်လုံးကို
တွေ့လိုက်တယ်။ ပူဖောင်းရှိရာဆီ သူလျှောက်သွားလိုက်တော့ အဲဒီအနီရောင်က ပူဖောင်းမဟုတ်ဘဲ ဇီးကွက်တစ်ကောင်ရဲ့မျက်လုံးဖြစ်နေတာကို
တွေ့လိုက်ရတယ်။ ဇီးကွက်က သစ်ပင်ပေါ်မှာ နားနေပါတယ်။

ဇီးကွက်က အာပုကိုခေါ်ပြီး ပူဖောင်းအရှာထွက်ခဲ့တယ်။ တစ်နေရာရဲ့အဝေးမှာ အနီရောင်လုံးကြီးတစ်ခုကို တွေ့လိုက်တယ်.. ပူဖောင်းနီအဲဒီမှာလား။

အနီးနားရောက်တော့ အဲဒီအနီရောင်က သူတို့လိုက်ရှာနေတဲ့ပူဖောင်းနီ မဟုတ်ပြန်ဘူး။ ပန်းနီနီတစ်ခင်းဖြစ်နေပါတယ်။ ပန်းခင်းထဲမှာ လှပတဲ့ခိုနှစ်ကောင်က ချစ်တင်းနှောပြီး မနက်ဖြန် ဘယ်အရပ်ဆီ ပျံသန်းရင်ကောင်းမလဲဆိုတာကို တိုင်ပင်နေကြတယ်။

ခိုလေးတွေက အာပုအနားလာပြီး နှစ်သိမ့်တယ်။

“အာပု.. မငိုပါနဲ့.. မင်းရဲ့ပူဖောင်းနီလေးကို ငါတို့အတူသွားရှာကြရအောင်။ တစ်လုံးပျောက်ရင် ငါတို့ ၁ဝလုံးပြန်ရှာကြမယ်”

ပူဖောင်းရှာဖို့ သူတို့ခရီးထွက်ခဲ့ကြပြန်တယ်။ လမ်းတစ်နေရာမှာ စတော်ဘယ်ရီခင်းကြီးတစ်ခင်းကို တွေ့လိုက်တယ်။ နီရဲရဲစတော်ဘယ်ရီခင်းထဲမှာ ညစာစားနေတဲ့ ခရုငယ် ၃ကောင်ကိုတွေ့လိုက်တယ်။

ခရုငယ်၃ကောင်က အာပုကို နှစ်သိမ့်တယ်။

“ပူဖောင်းနီတစ်လုံးပျောက်ရင် နောက်ထပ်၁ဝလုံးကို ငါတို့ရှာကြမယ်”

နောက်တော့ ရဲရဲနီနေတဲ့အသီးတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းသီးပင်တစ်ပင်ကို သူတို့တွေ့လိုက်တယ်။ ပန်းသီးပင်ပေါ်မှာ ပိုးကောင်လေး ၄ကောင်ကို သူတို့တွေ့လိုက်တယ်။ ပိုးကောင်းလေးတွေက
“ပူဖောင်းနီတစ်လုံးပျောက်ရင် နောက်ထပ်၁ဝလုံးကို ငါတို့ရှာကြမယ်”လို့ အာပုကိုပြောတယ်။

ဒီလိုနဲ့ သူတို့ခရီးဆက်ခဲ့ကြတယ်။

ခဏလောက် နေပါဦး.. ကျွန်မတို့ ရေတွက်ကြည့်ရအောင်…

ဇီးကွက်၁ကောင်၊ ခို၂ကောင်၊ ခရုငယ်၃ကောင်၊ ပိုးကောင်၎ကောင် = သူငယ်ချင်း ၁ဝယောက်

ပုံပြင်ထဲမှာ တစ်ခုကိုဆုံးရှုံးသွားတော့ ၁ဝခုပြန်ရလိုက်တယ်။ ဒါဟာ လှပပြည့်စုံတဲ့ အဖြေတစ်ခု၊ ပြီးပြည့်စုံတဲ့ အဆုံးသတ်လေးတစ်ခုဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ဘဝမှာလည်း ပူဖောင်းနီလေးရှိပါတယ်။ ပူဖောင်းနီလေးက အရာအားလုံးကို ကိုယ်စားပြုပါတယ်။

ကလေးငယ်တစ်ယောက်နှစ်သက်တဲ့ ကစားစရာဆိုတာ သူ့ရဲ့ပူဖောင်းနီလေးပါ။ လူကြီးတစ်ယောက်နှစ်လိုတဲ့ အလုပ်အကိုင်ဆိုတာ သူ့ရဲ့ပူဖောင်းနီလေးပါ။ လှပတဲ့အချစ်ဆိုတာကလည်း ပူဖောင်းနီလေးပါ။
သင်ရဲ့ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှုက ပူဖောင်းနီလေးပါ။
အရာရှိတစ်ဦးရဲ့ရာထူးနေရာက ပူဖောင်းနီလေးပါ။
လူငယ်တစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း၊ နုပျိုမှုကလည်း ပူဖောင်းနီလေးပါ။
မူလတန်းတုန်းက သင်္ချာဘာသာဟာ သင့်ရဲ့ ပူဖောင်းနီလေးပါ၊
အလယ်တန်းတုန်းက ရူပဗေဒဟာ သူ့ရဲ့ပူဖောင်းနီလေးပါ။
အန်ဒါဆင်ရဲ့ငယ်ဘဝက နားဝင်ချိုတဲ့သူ့သီချင်းသံကသူ့ရဲ့ပူဖောင်းနီလေးပါ….
ဒါပေမယ့် ဒီပူဖောင်းနီလေးဟာ ဘယ်အချိန်မှာ ကျွန်မတို့အပါးကနေ
ပျောက်ဆုံးသွားမယ်ဆိုတာကို ကျွန်မတို့မသိကြပါဘူး။

ပူဖောင်းနီလေးပျောက်သွားတဲ့အခါ ကျွန်မတို့ စိတ်မကောင်းဖြစ်ကြမယ်၊
မျှော်လင့်ချက်မဲ့ကြမယ်၊ လဲပြိုကြမယ်၊ ဝမ်းနည်းကြေကွဲကြမယ်။
ကျွန်မတို့ အကြာကြီး စိတ်မကောင်းဖြစ်ဖို့ လိုသလား၊ အကြာကြီး မျှော်လင့်ချက်မဲ့၊ လဲပြို၊ ဝမ်းနည်းကြေကွဲဖို့ လိုသလား….

သစ်ပင်ပေါ်က ဇီးကွက်ရဲ့မျက်လုံးနီက ဒါတွေကို ရှင်းရှင်းလင်းလင်းမြင်ရရင် ကျွန်မတို့လည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ကို ကျွန်မတို့ လမ်းညွှန်ရပါမယ်။

ပူဖောင်းနီလေးပျောက်သွားခဲ့ရင် တခြားပူဖောင်းနီလေးတွေကို ကျွန်မတို့ရှာနိုင်ပါတယ်။ ဇီးကွက်ပြောသလိုပဲ.. “တစ်လုံးပျောက်ရင် ၁ဝလုံးပြန်ရှာကြမယ်”။ ခို၊ ခရုငယ်၊ ပိုးကောင်လေးတွေကလည်း ပြောတယ်.. .. “တစ်လုံးပျောက်ရင် ၁ဝလုံးပြန်ရှာကြမယ်”။

ဒါဟာ ယုံကြည်လို့ရနိုင်တဲ့ စိတ်ကူးယဉ်ဒဿနလေးပါ။ အမှန်စင်စစ် ဒဿနတစ်ခုဖြစ်ပါတယ်။

အန်ဒါဆင် လည်ချောင်းကွဲပြီးအသံပျက်သွားလို့ အဆိုရှင်တစ်ဦးမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒဏ္ဍာရီပုံပြင်ရေးတဲ့ စာရေးဆရာတစ်ဦးအဖြစ် ကမ္ဘာကျော်သွားခဲ့ပါတယ်။
-----

မူရင်းရေးသားသူ -- Mei zi han (梅子涵)

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...