Friday, November 28, 2014

ခူကောင်လေးတွေရဲ့ ပုံပြင်




ထင်းရှုးပင်ပေါ်ကခူကောင်တွေဟာ ပါးစပ်ထဲက အမျှင်တွေထုတ်ပြီး အပင်ပေါ်မှာ အသိုက်ဖွဲ့နေကြတယ်။ ညနေစောင်းချိန်မှာ သူတို့ဟာ အသိုက်ထဲကထွက်လာပြီး ထင်းရှူးရွက်တွေကို စားဖို့ အစာရှိရာကိုစီတန်း သွားတတ်ကြတယ်။ နောက်လိုက်ခူတွေက ခေါင်းဆောင်သွားရာလမ်းအတိုင်း ထပ်ကြပ်မခွာ တညီတညွှတ်နဲ့ တန်းစီပြီးလိုက်ကြတယ်။

ဦးဆောင်တဲ့ခူကောင်က ရှေ့ကသွားရင်း ပိုးမျှင်တွေကို သွားရာလမ်းတစ်လျှောက် ထွေးထုတ်ခဲ့တယ်။ ဒါမှ ဘယ်ကိုရောက်ရောက်၊ ဘယ်လောက်ဝေးတဲ့ခရီးဖြစ်ဖြစ်အပြန်မှာ သူတို့ဟာ လမ်းမမှားတတ်ကြတော့ဘူး။

ပြင်သစ်နိုင်ငံ အင်းဆက်ပိုးမွှားဗေဒ ပညာရှင် Jean-Henri Fabre(၁၈၂၃-၁၉၁၅)က စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ တန်းစီတွားနေတဲ့ ခူကောင်တွေကို သူက ပန်းအိုးကြီးတစ်လုံးဆီ မျှားခေါ်လာခဲ့တယ်။ ခူကောင်တွေ ပန်းအိုးကို တစ်ပတ်ပတ်ပြီးချိန်မှာ သူက ခေါင်းဆောင်ခူထွေးထုတ်ခဲ့တဲ့ တခြားပိုးမျှင်တွေကိုဖျက်ပြီး ပန်းအိုးပတ်လည်က ပိုးမျှင်တွေကိုသာ ချန်ထားလိုက်တယ်။ ပြီးတော့ ပန်းအိုးအလယ်မှာ ထင်းရှူးရွက်တစ်ရွက် ချထားလိုက်တယ်။

ခူတွေက တစ်ကောင်နောက်တစ်ကောင်လိုက်ပြီး ပိုးမျှင်ချထားရာ လမ်းအတိုင်း ပန်းအိုးကိုပတ်ကြတယ်။ ပိုးမျှင်အတိုင်းသွားရင် လမ်းမပျောက်ဘူးအထင်နဲ့ ခူတွေက ပန်းအိုးကို တစ်ပတ်ပြီးတစ်ပတ် ပတ်ကြတယ်။ အဲဒီအတိုင်း ၁ဝရက်ထား ထားလိုက်တယ်။ ခူကောင်တွေက အစာဟာ သူတို့နဲ့ ဘယ်နှမိုင်အကွာမှာရှိမှန်းမသိဘဲ ပိုးမျှင်ချထားတဲ့လမ်းကြောင်းအတိုင်းပဲ တစ်ဝဲဝဲလည်ပတ်ကြရင်း နောက်ဆုံးမှာ ဆာလောင်ပြီး သေဆုံးကုန်ကြတယ်။

လူတချို့က ခူကောင်နဲ့တူတယ်။ ပန်းတိုင်မထားဘဲ တခြားလူတွေရဲ့နောက်မှာပဲ ကပ်လိုက် နေတတ်ကြတယ်။ ပန်းတိုင်မရှိတဲ့လူတွေဟာ ကမ်းမမြင် လှမ်းမမြင်တဲ့ ပင်လယ်ပြင်က ပဲ့ကိုင်မဲ့နေတဲ့ လှေငယ်လေးလိုပဲ
လေတိုက်ရာဖက်ကိုသာ လှိုင်းတွေနဲ့အတူ တဝဲလည်လည်မျှောပါနေရတော့တယ်

နိုင်းနိုင်းစနေ (Sunday, July 15, 2007)

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...