Saturday, November 29, 2014

တစ်သက်တာ မျှော်လင့်ချက်



ကျွန်တော့်တစ်သက်မှာ မျှော်လင့်ချက်တစ်ခုပဲရှိတယ်။ အဲဒီမျှော်လင့်ချက်က အမိုးရှိတဲ့အခန်းထဲမှာ ကုတင်တစ်လုံးနဲ့ အိပ်ရဖို့ပါပဲ။

ဘာဖြစ်လို့ ကျွန်တော့်မှာ ဒီလိုမျှော်လင့်ချက်မျိုး ရှိရသလဲ၊ ကျွန်တော်က အိန္ဒိယနိုင်ငံ Kolkata (then Calcutta)မှာနေတဲ့ သူတောင်းစားဖြစ်လို့ပါပဲ။ ကျွန်တော်မွေးပြီး မကြာဘူး အဖေဆုံးသွားခဲ့တယ်။ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲနေတယ်။ ကျွန်တော်တို့က လမ်းကျဉ်းလေးတစ်နေရာမှာနေတဲ့ သူတောင်းစားတွေဖြစ်တယ်။

အဖေမဆုံးခင်က လမ်းပေါ်ကရလာတဲ့ ပျဉ်တစ်ချပ်ကို နံရံဖက်ကပ်ထောင်ပြီး ပလတ်စတစ် မိုးပေးခဲ့တဲ့နေရာလေးမှာ ကျွန်တော်တို့နေကြတယ်။ မိုးကြီးရွာတဲ့ ညတွေဆိုရင်

ကျွန်တော်တို့မိုးစိုကြရတယ်။ ဒါတောင် ကျွန်တော်တို့ သိပ်ကံကောင်းနေပြီ။ တချို့ကလေးတွေဆိုရင် ပိုသနားဖို့ ကောင်းသေးတယ်။ သူတို့မှာ မိုး၊ လေ ကာဖို့ ပျဉ်ပြားမရှိဘူး။ ညတိုင်း လမ်းပေါ်ဟင်းလင်းပြင်မှာ သူတို့အိပ်ကြရတယ်။ မိုးရွာခဲ့ရင် မိုးခိုဖို့နေရာကို သူတို့အသည်းအသန် လိုက်ရှာကြရတယ်။ အဆင်မပြေရင် သူများမောင်းထုတ်တာကို ခံကြရသေးတယ်။

အရင်တုန်းက အဖေအမေတို့မှာ နေစရာအိမ်ရှိတယ်လို့ အမေက ကျွန်တော်ကိုပြောပြတယ်။ အဖေကလယ်သမားဖြစ်ပြီး ၂နှစ်၊ ၃ နှစ်ဆက်တိုက် အရှုံးတွေပေါ်ခဲ့လို့ နွားတွေဆုံးရှုံးကုန်တယ်။ နောက် လယ်ပါဆုံးရှုံးကုန်ပြီး နောက်ဆုံး အိမ်ရာကွက်ကိုပါ ရောင်းလိုက်ရတယ်။ အဲဒီနောက် Kolkata ထိ လမ်းလျှောက် ပြောင်းရွေ့လာခဲ့ကြတယ်။ ပြောင်းရွေ့လာပြီး မကြာဘူး ကျွန်တော့်အကိုနဲ့အစ်မ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရတယ်။ အဖေ အလုပ်အမျိုးမျိုး လုပ်ခဲ့တယ်။ ကျွန်တော်မွေးပြီးမကြာဘူး အဖေဖျားပြီး ဆုံးသွားပြန်တယ်။ အဖေဆုံးတော့ အမေကတောင်းစားပြီး အသက်မွေးခဲ့တယ်။ ကျွန်တော်ကြီးလာတော့ အလိုအလျှောက် တောင်းစားတတ်သွားတယ်။

ကျွန်တော် တော်တော်ကံကောင်းခဲ့တယ်။ Kolkataက အကြီးဆုံးဟိုတယ်ရှေ့မှာ ကျွန်တော် တောင်းရမ်းလို့ရတယ်။ ဟိုတယ်တံခါးဝကကျယ်ပြီး အမိုးပါတယ်။ လမ်းဘေးဝဲယာကို အဖြူရောင်တိုင်နဲ့ ကာထားတယ်။ ဟိုတယ်တစ်ခုလုံးလည်း အဖြူရောင်နဲ့ အရမ်းလှတယ်။ ဧည့်သည်တွေက ဟိုတယ်ထဲ ကားစီးပြီး ဝင်ကြတယ်ဆိုပေမယ့် သတင်းစာ၊ စာအုပ်တွေ ထွက်လာဝယ်ကြတဲ့ ဧည့်သည်တွေလည်း မနည်းဘူး။ သူတွေဆီမှာ ကျွန်တော်တောင်းရမ်းတယ်။ အရှေ့တိုင်းသားတွေက ပိုရက်ရောတယ်ဆိုတာကို ကျွန်တော်သတိထားမိတယ်။ ကျွန်တော်တို့ တစ်နေ့ကို ၁ဝ ရုဘီ (အမေရိကန် ဒေါ်လာ၅ပြား) လောက်ရတယ်။ တစ်ခါက အရှေ့တိုင်းသားတစ်ဦး ကျွန်တော့်ကို ရုဘီ ၅ဝပေးခဲ့တယ်။

လွန်ခဲ့တဲ့ ၃လက အမေအပြင်းဖျားခဲ့တယ်။ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံနဲ့ အကောင်းဆုံးအစာတွေ ဝယ်ကျွေးခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ နောက်ဆုံးမှာ အမေက တကယ်လို့ သူ့ကို မာသာထရီဇာတည်ထောင်ထားတဲ့ စောင့်ရှောက်ရေးဂေဟာဆီ လူတွေပို့ပေးခဲ့ရင် သူ့ကိုဂရုစိုက်ပြုစုမယ့်လူ ရှိနိုင်တဲ့အကြောင်း၊ နေကောင်းသွားရင် ကျွန်တော့်ကို လာရှာမယ့်အကြောင်း ကျွန်တော်ကိုမှာတယ်။ ညရောက်တော့ အမေ့ကိုတွဲပြီး လမ်းမပေါ် ကျွန်တော်တို့ထွက်ခဲ့ကြတယ်။ အမေ့ကို လမ်းလယ်မှာချပြီး သစ်ပင်တစ်ပင်နောက်မှာ ကျွန်တော်သွားပုန်းပြီး ချောင်းကြည့်နေခဲ့တယ်။ တကယ်ပဲ အပြင်းဖျားနေတဲ့အမေကို လူတွေတွေ့သွားကြတယ်။ လူတွေက ကားတစ်စီးတားလိုက်တယ်။ ကားဆရာကြည့်ရတာ ညစ်ပတ်နေတဲ့အမေ့ကို တင်ချင်ပုံ မရဘူး။ သူတို့ အခြေအတင်စကားတွေ ပြောကြပြီးနောက် “Jia Li jia” ဘုရားကျောင်းသွားဖို့ သဘောတူလိုက်တယ်။ အဲဒီနေရာမှာ မာသာထရီဇာရဲ့ ဂေဟာရှိတယ်။

အဲဒီနောက် ကျွန်တော့်ဆီ အမေလုံးဝပြန်မလာခဲ့ဘူး။ အမေဆုံးသွားပြီဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ သူမသေခင် စစ္စတာတွေရဲ့ အပြုအစုကို ခံခဲ့ရမယ်ဆိုတာ ကျွန်တော်သိနေတယ်။ ကျွန်တော်ကရော၊ အထီးကျန်တဲ့ဝေဒနာကို ကျွန်တော်ခံစားခဲ့ရတယ်။

“ကျွန်တော့်မှာ အဖေမရှိပါဘူး၊ ကျွန်တော့်မှာ အမေမရှိပါဘူး၊ ကျွန်တော့်ကို သနားကြပါ” ဆိုတဲ့ စကားကလွဲလို့ ကျွန်တော်မှာ တခြားစကားတွေပြောဖို့ မရှိခဲ့ဘူး။ ညတိုင်း ကျွန်တော်ထမင်းတစ်တုံးဝယ်စားတဲ့ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို စကားပြောချင်ပုံမရဘူး။ တစ်ယောက်တည်း အထီးကျန်နေတဲ့ ကျွန်တော်မှာ အဖော်ဆိုလို့ ညညအစာထွက်လာရှာတဲ့ ကြွက်ကလေးတစ်ကောင်ပဲ ရှိခဲ့တယ်။ အဲဒီကြွက်ကလေးစားဖို့ ထမင်းစေ့တွေ နေ့တိုင်း ကျွန်တော်ချန်ထားတတ်တယ်။ ကြွက်ကလေးက ကျွန်တော့်လက်ပေါ် တက်လာတတ်ပြီး ကျွန်တော့်လက်ကို ကိုက်တတ်သေးတယ်။ ကျွန်တော်က သူ့ကိုနမ်းတယ်။ ကျွန်တော်တို့ အတူအိပ်ကြတယ်။

လမ်းထဲကို လူတစ်အုပ် ရုတ်တရက်ရောက်လာကြပြီး ဆေးရည်တွေနဲ့ အရပ်လေးမျက်နှာကို ပက်ဖျန်းကြတယ်။ အဲဒီညက ကြွက်ကလေး ဘယ်ရောက်သွားလဲမသိဘူး အစာထွက်မရှာတော့ဘူး။ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အဖော်ပျောက်သွားခဲ့ရလို့ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။

နောက်တစ်နေ့မှာ ကျွန်တော်ဖျားတော့တယ်။ ဖျားမှန်း သိပေမယ့် ဟိုတယ်ရှေ့မှာ ကျွန်တော် သွားတောင်းရမ်းခဲ့သေးတယ်။ နေ့လယ်ရောက်တော့ ကျွန်တော်မခံနိုင်လို့ ပြန်လာအိပ်တယ်။ နောက် ကျွန်တော် အန်တယ်။ ညနေရောက်တော့ မျက်နှာဖုံးစွပ်ထားတဲ့ လူတချို့ရောက်လာခဲ့တယ်။ ကျွန်တော့်ကို ကားပေါ်တင်ကြတယ်။ ကားပေါ်မှာ ကျွန်တော်လိုဖျားနေတဲ့ သူတောင်းစားတွေ အများကြီးပါတယ်။ ဖျားနေတယ်ဆိုပေမယ့် ပထမဆုံးအကြိမ် ကားစီးခွင့်ရလို့ ကျွန်တော်အရမ်းပျော်မိတယ်။ ကားပြတင်းကနေ အပြင်ကို ငေးကြည့်ခဲ့တယ်။ မြို့နဲ့တဖြေးဖြေးဝေးလာခဲ့ပြီး တောရွာနားရောက်လာခဲ့တယ်။ ကျွန်တော့်မိဘတွေ တောရွာမှာနေခဲ့တယ်လို့ အမေပြောဖူးတဲ့စကားကို ကျွန်တော်အမှတ်ရလာတယ်။ အမေတို့နေခဲ့တဲ့ မြေကွက်လေးသာရှိခဲ့ရင် အရမ်းကောင်းမှာပဲလို့ ကျွန်တော်တွေးမိတယ်။

အိမ်ကြီးတစ်အိမ်ထဲ ကျွန်တော်တို့ ရောက်လာခဲ့ကြပြီး လူတချို့က ကျွန်တော်တို့ကို သွေးဖောက်ကြတယ်။ လူတချို့ကို ချက်ချင်းခေါ်ထုတ်သွားကြပြီး တချို့ကျန်ခဲ့တယ်။ ကျွန်တော့်တစ်သက်မှာ ပထမဆုံးအကြိမ် ရေချိုးပေးတာကို ခံခဲ့ရတယ်။ နောက် လက်သည်း၊ ဆံပင်တွေညှပ်ပေးတယ်။ နေသာထိုင်သာရှိလာသလို ထင်ရပေမယ့် ကျွန်တော်တို့ကို မျက်နှာဖုံးတွေ အတင်းစွပ်ခိုင်းခဲ့တယ်။ ခေါင်မိုးရှိတဲ့အိမ်ထဲ ကျွန်တော်ရောက်နေခဲ့ပြီး ကုတင်နဲ့အိပ်ခွင့်ရလို့ ကျွန်တော် အရမ်းပျော်မိတယ်။ လူတွေက ကျွန်တော်တို့အတွက် စားစရာတွေ ယူလာပေးကြတယ်။ ဒါပေမယ့် ကျွန်တော်အရမ်းဖျားနေခဲ့တယ်

ဒီလူတွေ ဘာဖြစ်လို့ ကျွန်တော်တို့အပေါ် ဒီလောက်ကောင်းကြသလဲ၊ ဘာဖြစ်လို့ အိပ်ခန်းထဲကနေ ကျွန်တော်တို့ကို အပြင်ထွက်ခွင့် မပေးတာလဲ၊ ကျွန်တော်နားမလည်ခဲ့ဘူး။ ကျွန်တော် အားနည်းနည်းရှိလာတယ် ထင်တဲ့တစ်နေ့က အခန်းစောင့်အလစ်မှာ ဝရံတာဖက် ကျွန်တော်ခိုးထွက်လာမိတယ်။ ဒါပေမယ့် ချက်ချင်းပြန်ဖမ်းမိပြီး ကျွန်တော့်ကို ရိုက်မယ့်အထိ သူတို့ဒေါသထွက်ခဲ့ကြတယ်။ ဘာဖြစ်လို့ ဒီမှာရှိတဲ့လူတိုင်း မျက်နှာဖုံး၊ လက်အိတ်တွေစွပ်ကြသလဲဆိုတာ ကျွန်တော်နားမလည်ခဲ့ဘူး။ ကျွန်တော်တို့ကိုလည်း စကားတစ်ခွန်းမှ မပြောကြဘူး။ ကျွန်တော်တို့ သူတောင်းစားကို လူတွေ အဖက်မလုပ်ကြတာ အဆန်းတော့မဟုတ်တော့ပါဘူး။

ညက အပြင်မှာ လေတွေမိုးတွေ ကြီးခဲ့တယ်။ ကုတင်ပေါ်မှာ ကျွန်တော်အိပ်နေတယ်။ အဖျားကြောင့် ကျွန်တော့်တစ်ကိုယ်လုံး နေလို့မကောင်းဘူး။ ဒါပေမယ့် ပျော်သလိုခံစားမိတယ်။ ဒီမိုး၊ ဒီလေတွေ ကျွန်တော့်ကို မစိုနိုင်တော့ဘူး။ ကျွန်တော့်ဘေးက လူနာတစ်ယောက် မနေ့ကသေသွားခဲ့ပြီ။ လူတွေက သူ့ကို အဝတ်ဖြူပတ်ပြီး ယူသွားကြတယ်။ ကျွန်တော်တို့ လန့်မှာစိုးလို့ထင်တယ် သူတို့ညင်ညင်သာသာပဲ လုပ်ကြတယ်။ အခုဆိုရင် ကျွန်တော်က အဖျားအကြီးဆုံး လူနာဖြစ်နေတယ်။

ဆရာဝန်က ကျွန်တော့်ကိုလာကြည့်တိုင်း ခေါင်းရမ်းတတ်တယ်။ ကျွန်တော်အိပ်ပျော်သွားပြီးနောက် ထပ်နိုးလာချင်မှလည်း နိုးလာတော့မယ်။ စစ္စတာတစ်ယောက်က ကျွန်တော့်ကုတင်ရှေ့မှာ ရပ်ပြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတယ်။ မျက်နှာဖုံးစွပ်ထားပေမယ့် သူ လက်အိတ်စွပ်မထားဘူး။ ကျွန်တော့်လက်ဆုပ်ကိုင်ထားတဲ့ စစ္စတာရဲ့မျက်ဝန်းမှာ မျက်ရည်တွေတွဲခိုနေတယ်။

သူဘာဖြစ်လို့ ငိုတာပါလိမ့်

ဒီနေရာကနေ ကျွန်တော် ထွက်မပြေးတော့ဘူးဆိုတာ သူမသိလို့လား

ဒီကနေ ကျွန်တော်ထွက်ပြေးရင် ကျွန်တော် ထပ်တောင်းစားရဦးမယ်။ တစ်သက်လုံး သူတောင်းစားဖြစ်တော့မယ်။ ကျွန်တော့်မှာ ဆွေမျိုးမရှိ၊ သူငယ်ချင်းမရှိ၊ ကျွန်တော့်လက်ကို ဘယ်သူမှ မဆုပ်ကိုင်ဖူးဘူး။ အဲလိုနေရာမျိုးဆီ ကျွန်တော်ပြန်ပြီး ဘာသွားလုပ်မလဲ..

ကျွန်တော်အားကျေနပ်ခဲ့ပါတယ်။ ခေါင်မိုးရှိတဲ့ အိမ်တစ်အိမ်မှာ ကုတင်နဲ့အိပ်စက်ခွင့် ရချင်ခဲ့တဲ့ ကျွန်တော် မျှော်လင့်ချက်တွေပြည့်ခဲ့လို့ ကျွန်တော်ကျေနပ်ခဲ့ပါတယ်။ စိတ်ထားကောင်းတဲ့ ဆရာဝန်နဲ့ နပ်စ်မတွေကိုလည်း ကျွန်တော် ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်သိချင်တာ တစ်ခုက အရင်က ဆင်းရဲသားတွေ ဖျားနာခဲ့ရင် ဂရုစိုက်မယ့်လူမရှိဘဲ ဘာဖြစ်လို့ ကျွန်တော်တို့ကျမှ ဒီလိုအခွင့်ထူးတွေရှိရသလဲ ဆိုတာကိုပဲ။

ကျွန်တော်တစ်ကိုယ်လုံး နှံ့ချည့်လာတယ်။ အင်အားမဲ့လာတယ်။ ကျွန်တော် အိပ်မပျော်ခင်အထိ အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ ဆရာဝန်၊ နပ်စ်တွေ၊ စစ္စတာတွေ ဖြစ်လေရာဘဝမှာ ကျွန်တော့်လို မွေးလာတာနဲ့ တောင်းရမ်းတဲ့ သူတောင်းစားမဖြစ်ကြဖို့ ကျွန်တော်ဆုတောင်းလိုက်တယ်။အိပ်ပျော်သွားပြီးနောက် ကျွန်တော်နိုးလာချင်မှလည်း နိုးလာတော့မယ်။ ကျွန်တော့်အတွက် စိတ်မကောင်း မဖြစ်ကြပါနဲ့။ ကျွန်တော်ခေါင်းပေါ်မှာ ခေါင်မိုးပါတဲ့ အိမ်ရှိနေပြီ။ ကျွန်တော်ကိုယ်အောက်မှာ ပျော့အိအိ ကုတင်တစ်လုံးရှိနေပြီ။ လက်အိတ်စွပ်မထားတဲ့ လက်နဲ့ ကျွန်တော့်လက် ဆုပ်ကိုင်ခံရပြီးပြီ။ ကျွန်တော် ဘာဖြစ်လို့ မကျေမနပ် ဖြစ်နေရဦးမလဲ....

----
မူရင်းရေးသားသူ -- ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ
မူရင်းလင့် -- http://erdos.csie.ncnu.edu.tw/~rctlee/article/a12.txt

နိုင်းနိုင်းစနေ(Sunday, November 02, 2008)

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...