Thursday, November 27, 2014

ပိုးကောင်နှစ်ကောင်ရဲ့ပုံပြင်


ဒီလိုထူးဆန်းတဲ့ ပိုးကောင်တစ်မျိုးရှိခဲ့တယ်။ အဲဒီပိုးကောင်ကို **FuBan(蝜蝂)လို့ခေါ်တယ်။ FuBanဟာ တွားသွားချိန်မှာ တွေ့သမျှအရာအားလုံး သူ့ကျောပေါ်ပစ်တင်ရတာကို နှစ်သက်တဲ့ပိုးကောင်ဖြစ်တယ်။ စားလို့ရမှန်းမသိ၊ စားလို့ကောင်းမှန်းမသိ လမ်းပေါ်တွေ့သမျှအရာတွေ သူ့ကျောပေါ်ကောက်တင်တတ်လို့ Fubanဟာ ပစ္စည်းတွေပိပြီး ရှေ့ဆက်ဖို့ ခြေလှမ်းတွေ ခက်ခဲနှေးကွေးခဲ့ရတယ်။ ဒါပေမယ့် Fubanဟာ ခေါင်းထောင်ပြီး လေးလံတဲ့ပစ္စည်းတွေနဲ့ မောမောပန်းပန်း မရပ်မနား ရှေ့ဆက်တွားနေတတ်တယ်။
Fubanဟာ လောဘကြီးတဲ့ပိုးကောင်ဖြစ်တယ်။
Fubanရဲ့နောက်ကျောဟာ ချောမွတ်မနေအောင်
ဖန်ဆင်းထားတာကြောင့် သူကောက်တင်သမျှအရာတွေက သူ့ကျောပေါ်ကနေ လျှောမကျနိုင်ခဲ့ဘူး။ နောက်ဆုံးမှာ ကျောပေါ်က များများလာတဲ့ပစ္စည်းတွေကြောင့် Fubanဟာ ရှေ့ဆက်မတွားနိုင်ဖြစ်ခဲ့ရတယ်။

ဒီလိုအဖြစ်ကိုတွေ့မြင်ကြတဲ့ စိတ်ကောင်းရှိသူတွေက Fuban တွားသွားနိုင်အောင် သူ့ကိုယ်ပေါ်ပိနေတဲ့ အရာတွေကို ဖယ်ရှားပေးတတ်ကြတယ်။ Fubanက သူ့ကိုယ်ပေါ်ကအရာတွေကို ဖယ်ရှားပေးသူကို ကျေးဇူးမတင်တဲ့အပြင် ဖယ်ရှားလိုက်တဲ့အရာတွေကို မရမက သူ့ကျောပေါ်ပြန်ကောက်တင်တတ်တယ်။
Fubanမှာ အမြင့်ကိုတွားတက်တတ်တဲ့ အကြိုက်တစ်မျိုးရှိသေးတယ်။ ကျောပေါ်က လေးတဲ့အရာတွေနဲ့ အမြင့်ကိုတွားတက်တဲ့ Fubanရဲ့နောက်ဆုံးအဖြစ်ကို စိတ်တွေးနဲ့ ခန့်မှန်းကြည့်နိုင်ပါတယ်။ အမြင့်ကိုရောက်လေ လေးလံတဲ့အရာတွေကြောင့် မောပန်းလေနဲ့ နောက်ဆုံးမှာ အမြင့်ပေါ်ကပြုတ်ကျပြီး Fubanတွေ သေဆုံးရလေ့ရှိတယ်။
Fubanတွေဟာ သူတို့လိုချင်တောင့်တတဲ့အရာကို ပိုင်ဆိုင်သွားခဲ့ပါသလား၊
ပိုင်ဆိုင်သွားပါတယ်... ဒီလို"ပိုင်ဆိုင်ခြင်း"က သူတို့ရဲ့ အသက်တစ်ချောင်းကိုပါ အဆစ်ပေးဆပ်လိုက်ရပါတယ်။
**ဒါဟာ တရုတ်ရာဇဝင်ပုံပြင်ထဲက Fubanလို့တရုတ်တွေခေါ်တဲ့ပိုးကောင်ရဲ့ပုံပြင်လေးပါ။ ဒီပိုးကောင်နဲ့ လောဘရမ္ပက်ကြီးသူ၊ လာဘ်စားတာကို ဝါသနာထုံသူ၊ သေသည့်တိုင် ဥစ္စာပစ္စည်းနဲ့သေရသူတွေကို ခိုင်းနှိုင်းသရော်ကြပါတယ်။
အမေရိကန်မှာလည်း "Fuban" နဲ့ ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ်ရှိခဲ့တယ်။
အမေရိကန်တောင်ပိုင်းမှာ Oklahomaဆိုတဲ့ပြည်နယ်ရှိတယ်။ အဲဒီပြည်နယ်ဟာ မြေပြင်ကျယ်ပြန့်ပြီး ရာသီဥတုမျှတတယ်။ ဝါဂွမ်းတွေစိုက်ပျိုးဖို့ သင့်တော်တဲ့နေရာဖြစ်တယ်။ ဒါကြောင့် ဒေသခံတွေက အမျှင်ရှည်ဝါဂွမ်းတွေကို စိုက်ပျိုးပြီး ကြီးပွားခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ဝါဂွမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာသလို ဝါဂွမ်းကိုဖျက်ဆီးတဲ့ boll weevilခေါ်ပိုးတွေလည်း များလာခဲ့တယ်။
boll weevilပိုးတွေဟာ ကိုယ်ရှည်၆mmရှိပြီး နွေဦးပေါက်မှာ ဥဥကြတယ်။ ဥဥပြီး ၅ရက်မှာ ဥက အကောင်ငယ်ပေါက်တယ်။ အကောင်ငယ်တွေဟာ (၃)ပတ်အတွင်းကြီးထွားကြပြီး မျိုးပွားနိုင်ကြတယ်။ ဒီပိုးကောင်တွေဟာ တစ်ရာသီမှာ မျိုးဆက်(၄)ဆက်ထိပွားနိုင်တယ်။ weevil ပိုးကောင်ငယ်လေးတွေဟာ ဂွမ်းဖူးကို အရမ်းနှစ်သက်ကြတယ်။ ပိုးကျတဲ့နေရာတွေမှာ ဂွမ်းဖူးတွေကြွေကျပြီး ဝါဂွမ်းတွေမကြီးနိုင်၊ မပွင့်နိုင်ဖြစ်ကြရတယ်။ ဝါဂွမ်းစိုက်ပျိုးသူတွေက ပိုးသတ်ဆေးမျိုးစုံ ပက်ဖြန်းခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။
စိုက်ပျိုးထားတဲ့ဝါဂွမ်းတွေ အဖျက်ဆီးခံရတာကိုကြည့်ပြီး ဒေသခံတောင်သူတွေ စိတ်နာခဲ့ကြရတယ်။ စိတ်နာနာနဲ့ ဝါဂွမ်းမစိုက်ကြတော့ဘဲ ဝါဂွမ်းအစား မြေပဲ၊ ပဲနဲ့ပြောင်းတွေ စိုက်ပျိုးကြတယ်။ ပဲပြောင်းတွေကို အစာအဖြစ်ပြုလုပ်ကြပြီး တိရစ္ဆာန်တွေပါ မွေးမြူလာကြတယ်။ အဲဒီနောက် ဟင်းသီးဟင်းနှံတွေပါ စိုက်ပျိုးလာကြတယ်။ နှစ်(၂ဝ)လွန်ပြီးနောက် တောင်သူတွေဟာ ဒီလိုပြောင်းလဲစိုက်ပျိုးတာဟာ ဝါဂွမ်းစိုက်ပျိုးတာထက် အကျိုးအမြတ်ပိုရကြောင်း သိရှိလိုက်တယ်။
အဲဒီနောက် ဒေသခံတောင်သူတွေဟာ ပိုက်ဆံတွေစုပြီး weevilပိုးကောင်ကို ကျေးဇူးတင်တဲ့အနေနဲ့ weevilအတွက် အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ကြတယ်။ ကျောက်တိုင်ပေါ်မှာ "ကျွန်တော်တို့ကို ချမ်းသာ၊ ကြွယ်ဝအောင်လမ်းပြခဲ့တဲ့ weevilပိုးကောင်တွေကို အရမ်းကျေးဇူးတင်ပါတယ်" လို့ ရေးထိုးထားတယ်။
Oklahomaက တောင်သူဦးကြီးတွေ ဆုံးရှုံးခဲ့သလား၊
ဟုတ်ကဲ့.. ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုံးရှုံးခဲ့ခြင်းက နောက်တစ်ချိန်မှာ ဆတိုးရရှိဖို့အတွက် ဖြစ်ခဲ့ပါတယ်။
weevilပိုးကောင် ပိုင်ဆိုင်ခဲ့သလား၊
ဟုတ်ကဲ့.. ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုင်ဆိုင်ခြင်းက သူ့ကိုပျက်စီးစေခဲ့ပါတယ်။
Fubanနဲ့weevil ပိုးကောင်တွေဟာ အလွန်အမင်း "ပိုင်ဆိုင်"ချင်ခဲ့လို့ အသက်ကို "ဆုံးရှုံး"ခဲ့ကြရတယ်။ "ပိုင်ဆိုင်"ချင်လို့ "ဆုံးရှုံး"ရတဲ့အထဲမှာ ဒီပိုးကောင်နှစ်ကောင်ပဲ ရှိခဲ့တာမဟုတ်ပါဘူး။ တခြားသတ္တဝါတွေလည်း ရှိခဲ့ပါတယ်။
တစ်ခုခုကိုပိုင်ဆိုင်ထားချိန်မှာ တခြားတစ်ဘက်မှာ ဆုံးရှုံးခြင်းဆိုတာရှိကြောင်း၊ တစ်ခုခုကိုဆုံးရှုံးနေချိန်မှာ တခြားတစ်ဘက်မှာ ဆတိုးအောင်နိုင်ဖို့ရှိကြောင်း ကျွန်တော်တို့ နားလည်ထားသင့်ပါတယ်။
ပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရပိုင်ဆိုင်ရမှာမဟုတ်သလို
ဆုံးရှုံးပြီးဆိုတိုင်း နလန်မထူနိုင်တော့တာ မဟုတ်ပါဘူး၊ ဆတိုးအောင်နိုင်မှုတွေ ရှိပါသေးတယ်။
နိုင်းနိုင်းစနေ (Thursday, December 30, 2010)

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...